..:: မင်္ဂလာပါ လာရောက်လည်ပတ်ဖတ်သွားခဲ့သော မိဆွေများအထူးကျေးဇူးတင်ပါသည် ::.. ..:: အသစ်တွေထပ်မတင်ရသေးတဲ့အတွက် ၀မ်းနည်းမိပါတယ် နောက်ဆိုအချိန်ယူပြီး အသစ်တွေကိုတင်ဖြစ်အောင် တင်ပေးမယ်ဗျာ ::..

K.K.K ခေတ်ခမ်းကောင်

๓๑/๓/๕๒

အမေ့အတွက်ကဗျာ

ကံကြမ္မာက မျက်နှာသာမပေးတော့
အမေ့ခမျာ ဘယ်လောက်ကြိုးစားပြီး အနစ်နာခံခံ မျက်နှာမရဘူး
အဝေးက အဖေကတော့ ဘယ်လိုတွေးနေမယ် မပြောတတ်ဘူး
အမေ့မှာ ပျို့တက်လာတဲ့ အားငယ်မှုကို ပြန်မျိုမျိုချနေရရှာတယ်

ကြံ့ကြံ့ခံတဲ့ အမေ့ခြေထောက်တွေပေါ်မှာ
ကျွန်တော်ဖက်တွယ်ရပ်တည်ခဲ့တာ ခက်ခဲကြမ်းတမ်းတဲ့ သုံးနှစ်ကျော်ပါ
ဒါတောင်မှ တစ်ခါတစ်ရံ လျှံကျလာတဲ့ အမေ့မျက်ရည်တွေအတွက်
ကျွန်တော့်မှာ စကားလုံးမရှိအောင်ကို ကျွန်တော်ကတုံးခဲ့
ပြဿနာတစ်ထောင်မှာမှ တစ်ခုပဲ ကျွန်တော့်ကို တိုင်ပင်ခဲ့တာ
ကျွန်တော့်ကို စိတ်ချမ်းသာစေချင်လို့လား အမေ
ဘာပဲပြောပြော
အမေ တိုင်ပင်ဖော်ရှားပါးနေတာ ဖုံးဖိထားသမျှ ထိုးထိုးထောင်ထောင်ပါ

မိသားစုပြန်ဆုံမယ့်အချိန်ကျမှ အတိုးချပျော်ပေါ့ အမေရယ်
အခုတော့ အမေလည်း ကြိုးစား, ကျွန်တော်လည်း ကြိုးစားပါ့မယ်
ဟိုအရင်က ကျွန်တော်တုံးခဲ့သမျှ နောင်တစ်ချိန်မှာ အမေ ပြုံရပါစေမယ် အမေ
အခုတော့
ဒီကဗျာလေးနဲ့ပဲ နှစ်သိမ့်လိုက်ဦးပေါ့ အမေရယ်။

... အမေ ...

မိန်းမတကာထက်၌ ကျနော်လေးစားမြတ်နိုးမဆုံးသော
အနာဒိအနန္တမေတ္တာရှင် “ ချစ်သော မေမေ ” သို့ ...
အမေ .....
သားတော့ မီးလောင်နေပြီ
လူတွေကတော့ ရယ်မှာပဲ
သားရင်ထဲမှာ
ကဗျာ ...
ကဗျာ ...
ကဗျာ ...
သက်သာရာ ရမလားလို့ပါ
(ဒီတစ်ခါတော့ဖြင့်)
ဝမ်းရေစပ်ရင်လည်း
နည်းနည်းခွင့်လွှတ်ပါအမေ
သားတော့ မီးလောင်နေပြီ။

... အသက်သည် အိမ်မက် ...

အိမ်မက်သည်သူ
သူသည် အသက်ဖြစ်စေ
ဆောင်းနှောင်းလျှင် နွေဦး၏။
နွေဦး၌ နှင်းကြွင်းသည်။
နှင်းကြွင်းပြယ်သော်လည်း
သစ္စာကြွင်းစေ။
မြတ်နိုးခြင်း ကြွင်းစေ။
...

မြ ...

အခါတစ်ပါး၌ သူမ၏လက်ဝယ်
ထက် “မြ” သော မြားတစ်စင်းတည်၏။
သို့သော် “တေး” မရှိ။
ထိုအခါ
ငါ၏လက်ဝယ်
ချို ”မြ” သော စောင်းတစ်အိုးတည်၏။
သို့သော် “ကြိုး”မရှိ။

စင်သီယာ ၁ ...

ငါမငိုဖူး
ပြာပုံမှာလူးတဲ့ဘဝ
လွတ်မြောက်ရေး လမ်းစရှာတုန်း
မင်းအမုန်းကိုမေ့လို့
အငွေ့ပျံနေတဲ့မျက်ရည်
လေပွေနဲ့ သစ်ရွက်
ချွေးစက်တွေ ချွေရဦးမယ်
တကယ်ပါ စင်သီယာ
ငါမငိုဖူး ...
ပထမဆုံး မင်းအတွက်ငါ
သေခဲ့တာကြာပြီ
မကြွေနဲ့စင်သီယာ
ငါ ...

... အစ၏အဆုံး (သို့မဟုတ်) အဆုံး၏အစ ...

ကမ္ဘာဦးသူတို့သည် ရသပထ၀ီကိုစားကုန်၏။
အချို့အဆင်းလှကုန်၏။
အချို့အဆင်းမလှကုန်။
ထိုသူတို့တွင်
အဆင်းလှသူတို့သည် အဆင်းမလှသူတို့ကို
မထီမဲ့မြင်ပြုကြကုန်၏။
ထိုသို့ပြုသည်ရှိသော် .. ။
(ဦးကုလားရာဇ၀င်)
နှလုံးသားနဲ့ဖတ်ဖို့
(ရင်၌ဖြစ်သော)
ချစ်ဇနီးသို့။

... မနှင်းဖြူ ...

“ တစ် ”
ချစ်သူ
သင့်နှလုံးသားသည်
ပျားသို့ချို၏။
သို့ပြီးတကား
ဓားသွားမူ ထက်စွာ၏ .. ။
“ နှစ် ”
ဆောင်းဦးပေါက်ညများရဲ့
ပွင့်ဦးနှင်းဆီဖြူဟာ၊ ငါ့သခင်မ
ငါ့ဘ၀ရဲ့ ကိုယ်ပွားအသက်ပါ။
မင်းဘ၀နဲ့ ငါရှင်သန်တယ်။
ပျိုရွယ်ခြင်း၊ ချိုမြတဲ့အဆိပ်
အိပ်ရာဝင်ပုံပြင်ထဲက
နတ်သမီးတစ်ပါးရဲ့ အလှကို ငါမှတ်မိခဲ့ပြီ။
ဒီဇင်ဘာမှာ နှင်းကျတယ်
တစ်လလုံးပါပဲ
ပထမဆုံးနှင်းပွင့်ကတော့
သူပေါ့ကွယ်၊ ဆွတ်ဆွတ်ဖြူဖြူ
ငန်းမွှေးတောင်သွင်တူသော
နူးညံ့ချောနုခြင်းနဲ့ ငါ့ရဲ့အသက်
အိပ်မက်အပြုံးရှင်ပေါ့ ၊ သူ ....
“ မနှင်းဖြူ ” လေ။

“ သုံး ”
“ မနှင်းဖြူ ”
မင်းဘယ်သူလဲ ..
ငါကလွဲလို့ ၊ မင်းတောင်မှမသိ
မြတ်နိုးမိသူပါ။ သူဟာ ...
ငါ့ဘ၀ရဲ့ ပထမဦးဆုံး
နှင်းဖုံးတောင်တန်းများရဲ့ နတ်မိမယ်
သံယောဇဉ်အနွယ်များရဲ့ မိခင်
ပွင့်ဦးသခင် ဆိုနိုင်ပါရဲ့။
နွဲ့လျတဲ့ခြေလှမ်းများ
ငါ့နှလုံးသားမှာ ..
ဒဏ်ရာထင်အောင် ပြင်းထန်ခဲ့ ၊ ကဲ ...
ဒီလိုဘယ်သူသိမလဲကွယ်။

“လေး”
ဆောင်းညရဲ့ နှုတ်ခမ်းအစွန်းမှာ
လမ်းများပေါ် “ငါ ” တေးသီခဲ့တယ်
နားမလည်နိုင်တဲ့ ခံစားမှုဘဝ
တေးချင်းမှာ စတည်ခဲ့ပေါ့။
ဖျော့တော့တဲ့လရောင်သွန်းချိန်
မှိန်ပြာပြာ နှင်းစက်ကြွေသံလို
ကောင်းကင်ငိုနေရဲ့ ၊ အို .. အလှ
မင်းကို တမ်းတလို့ ..
“ကိုစောငြိမ်း” ရဲ့ “ပွင့်ဦး”
ငါဆိုခဲ့ဖူးပြီ .. ။

“ငါး”
ဟောသည်မှာ အချစ် ..
ကဗျာလိုလှတဲ့ ပန်းပွင့်၊ သစ်ရွက်
စက်နဲ့လုပ်တာမဟုတ်။
မင်းအတွက်ပဲ သည်မှာ
နုံချာပေမယ့် လတ်ဆတ်တဲ့နှလုံးသား
ဥပက္ခာမထားစေချင်
အရှင် .. သခင် ..
သစ်ခက်ပလ္လင်မှာစံ၍
တေးချင်းကို နာခံ
မိုးယံ၌ပြည့်သော ပီတိနှင့်
တင့်တယ်စေပါမည်။

“ခြောက်”
လုံမရဲ့ အကြည့်
နေထိတဲ့ ပန်းပါပဲ၊
ညိုးလျော်ဆဲအပြုံးဟာ
ပြည့်ဝပါပေရဲ့
စောင့်စားသူ နေပူမှာရပ်လို့
မင်းကို စောင့်ဖို့ ငါအသက်ရှင်တယ်။
သစ်ပင် ၊ တောတောင် ၊ နေရောင် ..
ငါ့သခင် အောင်နိုင်တယ်။
ဘယ်သူငြင်းမလဲ အိုအချင်းတို့
အို .. အမျိုးကောင်းသားတို့
ငါ့အားခွင့်လွတ်ကြပါလေ ..
အချစ်စေကျွန်ဖြစ်တယ်။
ဇာမဏီငှက်၏ တင့်တယ်ခြင်းဖြင့်
ကြယ်ပွင့်တို့ကို နွံ၌နစ်စေသူ ..
ချစ်ခြင်း ၊ မုန်းခြင်း ၊ ဥပက္ခောနှင့် ခံယူမှု
ပန်းနုကျောက်ဆစ်အသွင်
မြင်သူတိုင်းအား အကြည့်ဖြင့်သိမ်းပိုက်သူ .. ။

“ ခုနှစ် ”
အို .. ချစ်သူလုံမ
ပထမဘ၀မှာ တွယ်ငင်သော
သံယောဇဉ်ပိုင်စိုးသူ
နှင်းမြူသည်းပွတ်၊ ဆွတ်ဆွတ်ဖြူစင်၍
အိပ်မက်အငွေအသက်ပမာ
ငါမြတ်နိုးသူ .. ငါ့အား ..
သနားသဖြင့် ဥပက္ခာသစ်ရိပ်မှ
ဖဲကျဉ်ခွင့်ရစေပါ။ ငါ့အား ..
ဝါမျှင်ဂွမ်းစကဲ့သို့ ချီမ၍
သင့်အနမ်း၍ကြွေသော ပန်းပွင့်ရေအိုင်ထက်
သက်စေပါဘိ။
သက်ရွက်လောင်းလှေဦးတွင်
သခင်မစံပါ။
ကဗျာသစ်ခက်ဖြင့်ပြုသော
လှော်တက်ကို ငါကိုင်မည်။
အောင်နိုင်ခြင်းနှင့် ဒဏ်သင့်သောငါ့အား
အသာယာဆုံး တိတ်ဆိတ်ခြင်းဖြစ်သည့်
အချိုမြိန်ဆုံးတေးချင်းကို
ဆိုခွင့်ပြုပါ ၊ ထိုအခါ ..
ကမ္ဘာမြေသည် သခင်မအပြုံး၌ပွင့်သော
ဆည်းဆာပန်းပွင့်သစ်၏
နှစ်ချို့ စပျစ်အရက်ပမာ
ငါမူးယစ်စွာ မွေ့ပျော်စေလိမ့်မည်။

“ ရှစ် ”
အားလုံးပြီးဆုံးသွားခဲ့ပြီ ..
“ မနှင်းဖြူ ”
အားလုံးပြီးဆုံးသွားပြီလေ၊
အခုတော့ ......

“ကိုး”
မြစ်တစ်စင်းမှာ သူ .. ငါ ..
နှစ်ခါရေမချိုးနိုင်
စီးဆင်းနေဆဲ အချိန်စက်ဝန်း
ပုံတူသွန်းလုပ်၊ အရုပ်ဆင်းတု
ပြုစုသူမဲ့ပေရဲ့ .. ။
ပစ္စုပ္ပန်မဲ့သောအခါ
အနာဂတ်မတည်စွမ်းသာ
သည်သို့ .. သံသရာရှိလျှင်အဆုံး၊ ငါမို့ဖြစ်ရင်း
ချစ်ခြင်းအပ မြဲစေ ..
ကျိန်စာဆိုခဲ့လေသလား
အို .. နတ်ဘုရားတို့ ။
အို .. ပိုင်ဆိုင်သူတို့ ။

... စင်သီယာ ၅ ...

မင်းကို ငါချစ်တယ်
ရာစုနှစ်ပေါင်များစွာမှာ
လူတွေဒါပဲ ပြောကြတယ်
ငါ့အတွက်စကား (၅) လုံး
မင်းအပြုံးက ၀ါးမြိုခဲ့
သရော်တဲ့ နှုတ်ခမ်းတွေ
“ချွင်” “ချွင်” မြည်နေတယ်
မြေကြီးသားဘ၀မှာ
အဇ္ဈတ္တိကမီးပုံကြောင့်
ငါ့ရင်အုံလူသတ်ကွင်းထဲ
သားရဲတွေအစာတောင်းပြီး
အသက်နဲ့အညီအမျှ ကျိန်ဆို
မိုးပြိုတယ် စင်သီယာ
မင်းကို ငါချစ်တယ် ။

... စင်သီယာ ၄ ...

မင်းမညာနဲ့
ကွန်ပျူတာနှလုံးသားရှေ့
အသံမဲ့နေတဲ့ တိတ်တစ်ခွေ
မင်းငိုနေသလား .. အချစ်
အက်စစ်မျက်ရည်တွေပဲ
ငရဲဆန်လှတယ်
မင်းဘ၀ ... မင်းအသက်
မင်းဟာ စက်ရုပ်ပဲ
မင်းလုပ်သမျှ ဆန္ဒမဲ့တယ်
ယန္တယားရဲ့ လည်ပတ်မှုဖြစ်စဉ်မှာ
ငွေဟာ လောင်စာပဲ စင်သီယာ
မင်းမညာနဲ့ ... ။

... စင်သီယာ ၃ ...

ငါမပြောတော့ဖူး
မင်းဦးနှောက်နွံအိုင်တောမှာ
ဘောဂဗေဒဇယားချပ်တွေ
မျက်တောင်ခတ်တဲ့ကိန်းဂဏန်းတွေ
“ငွေ .. ငွေ .. ငွေ ” (မင်းတို့)
ဆိုနေကျ သီချင်းတစ်စမို့
ငါအလွတ်ရနေပြီ
ဒီအမှိုက်ပုံထဲ၊ ငါ့ကိုမဆွဲနဲ့စင်သီယာ ငါမလာနိုင်ဖူး
စူးစူးဝါးဝါးအော်ဟစ်
ချွေးမိုးအောက်နစ်ပါစေ
မင်းပြုံးနေ စင်သီယာ
ငါမပြောတော့ဖူး .. ။

... စင်သီယာ ၂ ...

ငါ့ကဗျာ ဘယ်မှာလဲ
မရဲတရဲ မေးခွန်း
တိုးတိတ်လွန်းမှာသိတယ်
နယ်မချဲ့မီနဲ့ ဝေဒနာ
ငါမနေတတ်ဖူး
အရူးတစ်ယောက်ရဲ့ လွမ်းချင်းကို
မင်းဘာကြောင့် နားထောင်ချင်တာလဲ
အသဲမှာစွဲတဲ့ မြှားချက်ဟာ
လူမသိဘဲ အသက်သေစေတယ်
နွေမှာဖြစ်တဲ့ မိုးတိမ်ဟာ
မုတ်သုန်မလာခင် အိပ်စက်ရဦးမယ်
မင်းရဲ့ နောက်ဆုံးရယ်မောသံမှာ
ငါသေခဲ့ပြီ စင်သီယာ
ငါ့ကဗျာဘယ်မှာလဲ။

... မှော်ရထား ...

လင်းလက်တောက်ပဆဲ ကြယ်တစ်ပွင့်
ရုတ်တရက် ကြွေလွင့်သွား...
အဲဒီကြယ်တစ်ပွင့်ဟာ
မင်းသားလေးရဲ့ ကြယ်ပွင့်လား...

မိုးသည်းတွေကြားထဲမှာ
နာရီပေါ်က မျက်ရည်စက်များ...
သူငယ်ချင်း .. ဘဲဥရေ .. သျှပ်ရေ .. ငှက်ရေ ..
ငါတို့ကို ချန်ရစ်ပြီး မင်းထွက်ခွာသွား...

သရဲ

ကျွန်တော့်ဘေးမှာ သရဲတစ်ကောင်ရှိတယ်
ကျွန်တော်ညာဘက်ကို လှည့်ကြည့်ရင် သူက ဘယ်ဘက်မှာ ရောက်နေပြီး
ကျွန်တော်ဘယ်ကို လှည့်ကြည့်တော့ သူရှိနေတာက ညာ
ကျွန်တော်အရေအပြားပေါ်က
ကြက်သီးဖုလေးတွေမှာ သူ နေဖူးတယ်
တစ်ခါတစ်လေ ကျွန်တော့်ဂုတ်သွေးကို သူမြိန်ရေယှက်ရေ စုပ်လို့
တစ်ခါတစ်လေ ကျွန်တော့်ရိုင်းစိုင်းမှုကို သူ ဆွဲထုတ်
တစ်ခါတစ်လေ ကျွန်တော် အရမ်းကြောက်အောင် သူ ဖြဲခြောက်တယ်
ကျွန်တော် ဘုရားစာရွတ်ရင် သူ ဆဲရေးပြီး
ကျွန်တော့် အကုသိုလ်မှာ သူပျော်တယ်
ကျွန်တော် မောင်းထုတ်လဲ သူထွက်မသွားဘူး
ကျွန်တော် သွားလေရာနောက် လိုက်လို့လေ
ဘယ်သူသိနိုင်မလဲ
သူလဲ သူ့ဒုက္ခနဲ့သူ ဖြစ်ချင်ဖြစ်မှာ
ဒါမှမဟုတ်လဲ
အခွင့်သာတဲ့တစ်နေ့ ... ကျွန်တော်သတိမဲ့သွားတဲ့နေ့
ကျွန်တော့်ကို ဂုတ်ချိုးဖို့စောင့်နေတာ ဖြစ်ချင်ဖြစ်မှာ
ဘယ်သူသိမှာလဲ …နော် …

လရောင်မလင်းတဲ့ကောင်းကင်

(၁)
ဒူးနားတွင် ၀ဲနေသောဂါဝန်အပြာရောင်၊ စပို့ရှပ်အင်္ကျီအပြာရောင်နုနုနှင့် သူမကို အမှတ်မထင်ကြည်မိရာမှ မိုးထက် ချစ်မိသွားသည်။ ထိုနေ့က မိုးထက်အတွက် ပျော်ရွှင်စရာကောင်းတဲ့နေ့ကလေး တစ်နေ့ဖြစ်သလို နှလုံးသားတွင်လည်း သူမကြောင့် ဘယ်တုန်းကမှ မခံစားခဲ့ဖူးတဲ့ ခံစားမှုလေးတွေ ဖြစ်ပေါ်နေမိသည်။ ဒါဟာ အချစ်လား။ အကြင်နာလား။ မတွေ့ရရင် တစ်ခုခုလိုနေတတ်တာဟာ အလွမ်းတွေလားဆိုတာ စိတ်ထဲက မဝေခွဲတတ်အောင်ပါပဲ။ အားလုံးကို ကျော့ခိုင်းသင့်ပေမဲ့ မစွန့်လွှတ်နိုင်တာ ကိုယ့်အတွက် မင်းဟာ တပ်မက်မှုတွေမဟုတ်ဘဲ သံယောဇဉ်တွေလားကွယ်။ ရာသီစက်ဝန်း တရွေ့ရွေ့လည်နေပေမဲ့ ပန်းဆိုတဲ့ မင်းတစ်ယောက်ကြောင့် နွေ၊မိုး၊ဆောင် ရာသီတွေ မခွဲတတ်အောင်
ကိုယ်ရှူးသွပ်ခဲ့ပါသည်။
(၂)
မြွေတစ်ကောင် အကိုက်ခံထားရသလို အဆိပ်တွေ မတက်တော့မဲ့ ပြာနေတဲ့ မျက်လုံးတွေထဲ ပန်းရဲ့ မျက်နှာလေးဟာ စက်ဝိုင်းပုံစံ ပြည့်နေတဲ့ လတစ်စင်းလို မြင်နေမိတယ်။ အကြိမ်ကြိမ် အခါအခါ ဆုံးရှူံးရပေမဲ့ အချစ်ဆိုတဲ့ ၀ိညာဉ်လေးကတော့ ကိုယ့်ရဲ့သံယောဇဉ်ကြိုးလေးနဲ့သီပြီး လည်ပင်းမှာ အစဉ်ထာဝရ ဆွဲထားပါမယ်။ အချစ်အတွက် အမှောင်နဲ့အလင်း သဲသဲကွဲကွဲ မမြင်နိုင်တော့တဲ့ ဘ၀မှာ တခါတလေ မိုက်ရှူးရဲဆန်ချင်ပေမဲ့ ရင်ကျက်လာတဲ့ အသက်ကလေးတွေကြောင့် တည်ငြိမ်နေတဲ့ ရေပြင်တစ်ခုလို ရုတ်တရတ် ခဲတစ်လုံးကျလာပေမဲ့ လှိုင်းအကြီးကြီးတော့ ထမလာနိုင်ပါဘူး။

အလွမ်းကဗျာ

ချစ်တယ်.....
သိပ်ကိုချစ်ခဲ့ပါတယ်....
ဟော..ဒီလို မုန်းတီးစွာဟစ်ကြွေး
ဒို့ ရဲ့  အနေဝေးနေ့ တွေကိုပေါ့.........။။

မျှော်လင့် ယုံကြည်မှုနဲ့ ပဲ
ငါ့မနက်တွေ အသက်ဆက်ခဲ့
လွမ်းတိုင်း.........(နင့်အကြောင်း)
ကဗျာတွေကို ရင်ဘတ်နဲ့  ခတ်နေ မိတယ်...။။

သစ်ရွက်ကလေးတွေ လှုပ်နေ
မင်း.. ရယ်သံလေးများကြားရမလား
နားစွင့်.........
သူ့ သီချင်းလေးတွေကတော့
ရင်မှာမွှေးမြနေတုန်းပါပဲ.........။။

မဝေးတော့တဲ့တစ်နေ့ 
ပြန် လည် ဆုံတွေ့  ချင်တယ်
ချစ် သူရယ်...........။။။

အလွမ်းစွဲနာ.....

မျှော်လင့် ခြင်းကို..
ချစ် သူဆီမှာ ပဲ.. အပြီး အပိုင် ထား ခဲ့...။။
အနမ်းနဲ့ ပျိုးတဲ့... ရနံ့ တွေ လည်း...
အဝေးရပ်မှာ ပဲ...ဆွံ့  အ ခဲ့....။။
အိမ်မက်တွေ ကို အရေး တကြီး...ပျိုး ခဲ့မိ ခြင်းက..
အလွမ်းဆို တဲ့ သင်္ကေတ ကို...
ခါးပိုက် ပိုက် ခဲ့ မိ ခြင်းပဲ....။။
အသိစော တယ် ပြောပေမဲ့...
အလွမ်းရော ဂါ က....
ကုသလို့ မပျောက် ဘူး........။။
မင်းရဲ့  ဘူတာစဉ် သွား ရာနောက်ကို..
ငါ့အတွေးတွေ ကောက် ကောက်ပါအောင်
လိုက်နေမှာ..................
အလွမ်း မိုးရွာလို့ ...
နှလုံးသားတွေ ပြာနှမ်းနေလဲ..
အလွမ်းစွဲနာ... အာ သာမပြေဘူးးး...။။။။။။

အချစ်

သောကတို့ပြည်နှက်...တမ်းတရတဲ့နေ့ရက်တွေ...
အိပ်ပျက်ခဲ့တဲ့ညတွေနဲ့..ဖမ်းစားနှိပ်စက်
ရက်စက်တတ်တဲ့အရာများကို...
အချစ်လို့တင်စားခဲ့တာ..
ဘယ်သူများဘာလိမ့်ကွယ်.....။

ချစ်သူသိရန်မလိုသော အခြားတစ်ဖက်

အချိန်တန်ရင် အိမ်ပြန်မယ်
မင်း ပြောမထွက်တဲ့ စကား
အလိုလို နားလည်ထားပေမယ့်
ခဏလေးများစွာ ကြင်နာတာကို
သာယာရင်း ယစ်မူး
မေ့လျော့ကြည်နူးခြင်းနဲ့ ငါ့ကမ္ဘာ
လှပတာ လွန်လွန်းတယ် . . .။
ယတြာချေလို့မပျောက်တဲ့
နောက်ကျခြင်းကြောင့်
အနာဂတ်ဆိုတာ ၀င်လာခွင့်မရှိတဲ့အရာ
ဒီချစ်ခြင်းမှာ ရင်နာစွာ
ကြိုရွာတဲ့ အလွမ်းတွေနဲ့
ပစ္စုပ္ပန်တွေ ငါ့အတွက် အဖိုးတန်ခဲ့တယ် . . . ။

ကျီစားတာလွန်တဲ့ ကံတရားကို
ရန်စကား မဆိုဖြစ်လောက်အောင်
တွဲထားမိတဲ့ လက်တစ်စုံကို မက်မော
အတူရှိတဲ့ ခနတိုင်းကို နှမြောရင်း
မင်းမရှိဘူး ဆိုတဲ့ အိပ်မက်မျိုးမှာ
ယောင်ချာချာ ငါရူးဖူးတယ် . . . .

မနက်ဖြန်ဆိုတာ ရှိပေမယ့်
ချစ်ခွင့်မရှိတဲ့ မနက်ဖြန်တွေဖြစ်မှာ စိတ်မော
ဒီလိုနဲ့ . . . .
ငါ့ညတွေ သေငယ်ဇောနဲ့မြောခဲ့ပြန်တယ် . . . ။ ။

တည်မြဲခွင့်မရှိပေမယ့်

မိုင်တွေ ကွာဝေးနေပါစေ
ဘယ်တော့မှ မဆွေးဘူး
မင်းကိုချစ်တဲ့သွေး ခပ်နွေးနွေး
ခနတိုင်း စီးနေတယ် . . .

လှည့်ပြေးနေတဲ့ အတွေးတွေရဲ့
ပျော်မွေ့ တဲ့ နားခိုရာဟာလဲ
အမြဲတမ်း မင်းအကြောင်းတွေသာ ဖြစ်တယ် . . .

အသက်ရှိနေ သ၍ ပေါ့
မမေ့မလျော့တဲ့ စိတ်နဲ့
ငါ့နှလုံးသားရဲ့ အနက်ရှိုင်းဆုံးမှာ
မင်းရှိမယ် . . .
အစွဲအလန်းကြီးတဲ့ ငါ့အတွက်
အချစ်ကိုပြောင်းလဲဖို့ ရာ
အချိန်ဆိုတာ အသုံးမ၀င်ပါဘူး
ငါ့ရင်ဘတ်ထဲက နင့်အတွက် တစ်စုံတစ်ရာ
ခိုင်မာ သေချာ နေတုန်းပဲ . . .

အမုန်းဝင်္ကပါ တစ်ခုမှန်း သိတဲ့နောက်
ထွက်ပေါက်ကို မရှာဖွေချင်တော့ဘူး
မင်းပေးမယ့် အမုန်းဆူး
နှလုံးသားကို စူးပါစေတော့ . . .

မခွဲတမ်း ချစ်ခွင့် မရှိပေမယ့်
အမြဲတမ်းတော့ ချစ်တယ် . . .။ ။

အတင်း သတင်း ပါးခြင်း

ရက်ရှည်အလွမ်းတွေ ကခုန်နေတဲ့ အခန်းထဲက
ဖုန်တက်နေပေမယ့်
မှုန်ပျက်မနေတဲ့ အနမ်းတွေကို ထိုင်ငေး
လူတန်းစား ခွဲခြားသူတို့ ဘေးက
ခပ်သေးသေး ငါ့နေရာ
သူမလာချင်ခဲ့တာ ဖြေသာပါတယ် . . .

တကယ်ပါ . .
ငါချစ်တဲ့သူဆိုတာကပဲ
သူ့ကို အရာရာထက် ပိုသာစေခဲ့တာ
ကျန်တာ ဘာမှမရည်ရွယ်ပါဘူး . . .
ခုတော့လဲ အထီးကျန်ခြင်းကို
တစ်ယောက်တည်း စင်းခံရတာ
အကျင့်ပါသလိုလိုနဲ့
ဘယ်သူ့ မှငါ . . .မကြိုဆိုတတ်တာ ကြာပြီ . . .

“သတိထား” ဆိုတဲ့စကား ကိုသူ့ နား
ပြောသွားတဲ့ လူကြီးမင်းဆိုသူများ
ယုန်ကိုက်လို့ သေတဲ့ကျား
ဘယ်မှာများ ကြားဖူးထားလို့လဲ . . .

ကိုယ့်အထင်နဲ့ကိုယ် အဆိပ်မိတတ်တဲ့ လူတွေကြားမှာ
အပိုစကား ပြောရတာ ၀ါသနာမပါခဲ့တော့
လွတ်လွတ်လပ်လပ် ရူးသွပ်ခွင့်ရှိသော မနက်ဖြန်ကိုသာ
ငါ . . အမှန်တကယ် လိုချင်ပါတယ် ဆိုတဲ့အကြောင်း
သတင်းဟောင်း သတင်းကောင်း ပါး ပါ သည် . . . . ။ ။

ချစ်သူ

ချစ်သူ
တစ်ယောက်တည်း အထီးကျန်နေတဲ့ ဒီအခန်း...
အလင်းမရှိတာဆန်းသလား !
အမှောင်ထဲမှာနှလုံးသားတွေကျင့်သားရနေတာ . .
.အလင်းကိုတောင်ကြောက်နေတတ်ပြီ. ..
အမှောင်ကိုမြတ်နိုးလို့တော့မဟုတ်ဘူး . . .
အလင်းရဲ့မာယာတွေကို ကြောက်လို့ပါ . . .
သောက်လက်စဆေးလိပ်တိုတစ်တို ခုထိငွေ့မသေသေးဘူး ...
နောက်ပြီးရေးလက်စကဗျာတစ်ပုဒ် ခုထိအဆုံးမသတ်နိုင်သေးတာ
ငါ့လက်တွေ သွေးမခြောက်သေးလို့ပါ......

ဒိလောက်တောင် ခံစားတတ်နေတဲ့ငါ့ နှလုံးသား . . .
ငါကိုယ်တိုင်ရင်ခွဲပြီးထုတ်ထားတာ ဘယ်သူအပြစ်ပြောမလဲ !
ခုမှ မာနတွေနဲ့ ရဲရဲနီပြနေလိုက်တာ . . .
အလွမ်းအိုင်ထဲမှာ
ဖုတ်ဖုတ်လိုက်လိုက် ဖြစ်နေတာတောင်သတိမထားမိဘူး ...
ဒါတောင် အချစ်ကိုကိုပူစာတတ်တုန်း ...
ခံစားရတာနည်းတောင်နည်းသေးတယ်. . .
ဖြစ်နိုင်ရင် အခန်းထဲက အိမ်မြှောင်စုတ်ထိုးတဲ့အသံတောင် မကြားချင်ဘူး . . .

တကျွတ်.. . .ကျွတ်နဲ့ဆိုတော့ ကိုယ့်ကိုယ်များသနားနေကြသလားလို့
မဆီမဆိုင်တွေးပြီး အားငယ်နေသေးတယ် . . .
ပင့်ကူတစ်ကောင်လို အနှောင်အဖွဲ့တွေနဲ့မာယာလဲမများချင်ပါဘူး . . .
တစ်ခါတစ်လေ ဖြစ်သမျှအကြောင်းအကောင်းချည်းပဲဆိုပြီး
ခေါင်းငြိမ့်နေတတ်တဲ့ ပုတ်သင်ညိုလေးကိုတောင် အားကျမိသလိုပဲ. . .
ဘာလို့လဲဆိုတော့ငါလဲ အရောင်ပြောင်းတတ်လို့ပဲ.. .
ဟုတ်တယ်တစ်ချိန်ကမုန်းတယ်ဆိုတာကို ချစ်တတ်တဲ့ငါ ...အခု
ချစ်တယ်ဆိုတာကို မုန်းတတ်နေပြီလေ

ခဏတာမှားခဲ့တဲ့ အမှားတွေ(အရိပ်တစ္ဆေ)တွေရေ
ငါ့ကိုမခြောက်လှန့်ချင်ပါနဲ့တော့..
" ငါ"
မကြောက်တတ်ချင်တော့လို့ပါ . . .
နောက်ပြီး . . . မာယာမပါတဲ့အချစ်ပွဲတစ်ပွဲ . . .
မာနကိုကိုင်ဆွဲပြီးကစားချင်သေးတယ် . . .
မျက်ရည်မကျစတမ်းပေါ့ .......ဘာလို့လဲဆိုတော့ . . . . .
ငါဟာမျက်ရည်ကို နှစ်သက်တဲ့
မျက်ရည် တစ်စက် . . ..ဖြစ်နေလို့ပါ . . .
"မမ"
ရဲ့ " မောင်"

ချစ်သူ မင်းကိုချစ်တယ်………….

ချစ်သူ မင်းကိုချစ်တယ်
ရှင်သန်နေ့တဲ့ပန်းလေးတစ်ပွင့်
မညိုးနွမ်းအောင် စောင့်ထိန်းမှုနဲ့
ချစ်သူ မင်းကိုချစ်တယ်
သာယာနေ့တဲ့မနက်ခင်းတစ်ခုလို
လှပစွာ ကျေနပ်နေတဲ့အပြုံးနဲ့
ချစ်သူ မင်းကိုချစ်တယ်
အချိန်နာရီတွေ ရွေ့ လျားလှုပ်ခတ်
ရင်ခုန်သံတစ်ခု စည်းချက်ညီသလို
ချစ်သူ မင်းကိုချစ်တယ်
မုန်တိုင်းလွန်စဲ ပြီးဆုံးတဲ့နောက်
လေပြေလေညှင်း ပွေ့ဖက်နမ်းးသလို
ချစ်သူ မင်းကိုချစ်တယ်
ဘာသာမတူတဲ့ မျက်ဝန်းအနက်
တိတ်တခိုးလေး အကြည့်တစ်ချက်ပေါ့
ချစ်သူ မင်းကိုချစ်တယ်
ငါ့နောက်ကျော ဓါးတစ်လက်
ထိုးဖောက် ၀င်ရောက်သလိုမျိုး
ချစ်သူ မင်းကိုချစ်တယ်
မဖွင့်ပြော ရဲလောက်တဲ့အထိ
ဥပက္ခာ ဒုက္ခတစ်ခုငါ့မှာ ရှိလို့
ချစ်သူ မင်းကိုချစ်တယ်
အဖြူရောင် အသည်းပိုင်ရှင်လေးမို့
စွန်းထင်းမှာ စိုးရိမ်လွန်းကဲသောကြောင့်
ချစ်သူ မင်းကိုချစ်တယ်…။

နားလည်ပေးပါ ချစ်သူ

နားလည်ပေးပါ ချစ်သူ
ငါ့ပင်လယ်ပြင် အရင်လို မုန်တိုင်း မထန်တော့ပေမဲ့
တခါတရံ လှိုင်းငယ်လေးတော့ ရှိနေဆဲပဲ ...

နားလည်ပေးပါ ချစ်သူ
ငါချစ်ခဲ့တာ ပင်လယ်ပြင်ကြီးလောက်လေ
ငါ့ကောင်းကင်တခွင် အရင်လို တိမ်ညိုတွေ မည်းမနေတော့ပေမဲ့
တခါတရံ အုံ့မှိုင်းမှိုင်းတော့ ရှိနေဆဲပဲ ...

နားလည်ပေးပါ ချစ်သူ
ငါချစ်ခဲ့တာ ကောင်းကင်ကြီးလောက်လေ
ငါ့နှလုံးခုန်သံ အရင်လို ရစ်သမ်ပြောင်းဆန်မနေတော့ပေမဲ့
တခါတရံ စည်းချက်လွတ်နေဆဲပဲ ...

နားလည်ပေးပါ ချစ်သူ
ငါချစ်ခဲ့တာ နှလုံးခုန်သံနဲ့ အညီလေ
ငါ့ရင်ထဲက ဒဏ်ရာ အရင်လို အနာမရင်းတော့ပေမဲ့
တခါတရံ ဒဏ်ရာဟောင်းက ပြန်နာဆဲပဲ ...

နားလည်ပေးပါ ချစ်သူ
ငါချစ်ခဲ့တာ ဒဏ်ရာတွေ ဗရပွနဲ့လေ
နင်မချစ်တဲ့ ... ငါ့ကို
နင်မြင်အောင် မကြည့်ခဲ့တဲ့ ... ငါ့နှလုံးသားကို
နင်မ၀င်ခဲ့တဲ့ ... ငါ့ဘ၀ကို
နင့်နှလုံးသား တနေရာမှာ သိမ်းဆည်းပေးပါ

နားလည်ပေးပါ ချစ်သူ
နင်သိမ်းဆည်းထားရုံနဲ့ ကျေနပ်နေမဲ့ ... ငါလေ ။ ။

ချစ်သူ့ ပါးလေး နှစ်ဘက်ပေါ်မှာ

မပွင့်တပွင့် နှုတ်ခမ်းလေးက
မောင်လို့ တစ်ခွန်း ခေါ်လိုက်တိုင်း မှာ
သံယောဇဉ် ဝက်အူက
ရင်ကို တစ်ရစ်တင်းတယ်။

ချစ်သူ့ နှုတ်ခမ်းဖျားမှာ
မုန်တိုင်းတစ်ခု ဖွဖွကလေး တိုက်ရင်တောင်
ငါက…နှလုံးသားတစ်ခုလုံး ဒေါင်ချာစိုင်းတဲ့ကောင်ပါ။
ပတ္တမြားသွေးနဲ့ 
ချစ်စရာနှုတ်ခမ်းလေးမှာ
စကားလုံးလေးတွေက တတွတ်တွတ်နဲ့ ပွင့်တယ်။
မာယာ သကြားတွေ ထည့်မထားတဲ့
စကားလုံး ရိုးရိုးလေးတွေက
ဘာကြောင့် ဒီလောက်ချိုနေရတာလဲ။
အဲဒီ့ စကားလုံးလေးတွေကိုပေါ့
ငါ…ဝိုင်အရက် ချက်ပြီး တညလုံးမူးခဲ့တာ။

မျက်လုံးခြင်း ဆုံလိုက်တဲ့ အခိုက်အတန့် မှာ
အကြင်နာမြစ်တစ်စင်းက ငါ့သွေးကြောထဲကို ဖြတ်စီး
ခဏလေး လက်သွားတဲ့ လျှပ်စီးရောင်အောက်မှာ
အသည်း သဏ္ဍန်တိမ်စိုင်လေးတစ်ခုကို
ဝိုးတဝါးနဲ့ တွေလိုက်ရတယ်။
ဒါ ချစ်ခြင်းရဲ့ နိမိတ်လား။

လမင်းရဲ့ ဆွဲငင်အားနဲ့ 
သံယောဇဉ် ဒီရေတွေတရိပ်ရိပ်တိုး
နှလုံးသား ဆည် ကျိုးတဲ့နေ့ ကပေါ့။

ဟန်တစ်ခွဲသားနဲ့ အဖြူရောင် တံတိုင်းကြီးလည်း
တိုးတိုးလာတဲ့ ချစ်ခြင်း တွေကို ထမ်းပိုးရင်းက
မနိုင်မနင်းနဲ့  သူ့ အလိုလို ပြိုကျ၊
ချစ်စကားတွေ ငါ့နှုတ်ခမ်းက အလုအယက် ခုန်ထွက်လာတုန်းကပေါ့။
စကားလုံးတွေ တစ်လုံးနဲ့ တစ်လုံး ခလုတ်တိုက်မိပြီး
ငါ့စကားတွေက ထစ်သွားလိုက်တာ။

နှစ်ယောက်စလုံးရဲ့ ရင်ခုန်သံတွေက
တိတ်ဆိတ်မှုကိုဖြို
ချစ်သူ့ မျက်နှာမှာ
ရှက်သွေးတွေစိုသွားတဲ့ခဏပေါ့။
ငါ…လမင်းနီနီကို ပထမဆုံးအကြိမ် မြင်လိုက်ရတယ်။

ကျေးဇူးပြုပြီး တိတ်ပေးကြပါ
ဝင်သက်ထွက်သက်တို့ ၊
ချစ်သူ့ ပါးလေး နှစ်ဘက်ပေါ်မှာ
နှင်းဆီ တစ်ပွင့်စီ အိပ်နေလို့ ။

အချစ်ဆိုတာ

အဲဒီ မျက်ဝန်းလေးတွေနဲ့
စကားနမိတ်တွေပေးပြီး
ငါ့စိတ်ကူးလေးကို ပြက္ခဒိန်ထဲ ထည့်ထားခဲ့တာ
အနှစ်နှစ်အလလ…
ငါကမင်းမသိတဲ့ မြတ်နိုးမှုနဲ့
အိမ်မက်တွေ ညတာရှည်ခဲ့ ။

မင်းစိတ်နဲ့ ခါချရင်တောင်
ငါ့ရင် တစ်ပြင်လုံး
ဖွေးဖွေးထမောင် ကြွေပြချင်ရဲ့ ။

ဒါပေမယ့်
အခုတော့
သတိရခြင်းတွေသာ
သယ်ဆောင်ခုတ်မောင်းလာမယ့်ရထားဆီ
အလံချိုးမယ့် သူမရှိဘူး ။

အလွမ်းခနေတဲ့ ကြယ်တွေအကြောင်း

အလွမ်းခနေတဲ့ ကြယ်တွေအကြောင်း
ဒီလိုပြောကြစတမ်းဆိုရင်
သူမဟာ
ငါ့ကောင်းကင်က ကြယ်တွေကို ဖူးပွင့်စေခဲ့တဲ့ နတ်သမီးပဲ
သူ့ရယ်သံလေးတစ်ချက်နဲ့တင်
ငါ့အကိုင်းအခတ်တွေအားလုံး နူးညွတ်ကြွေကျသွးခဲ့ဖူးတယ်
ရွှေရောင်မနက်ခင်းတွေမှာ
ငါ့ကို ၀မ်းနည်းစိတ်နဲ့ နိုးထစေခဲ့တာ သူမပေါ့
သူမနှုတ်ခမ်းတွေနဲ့ လင်းလက်ခဲ့တဲ့ အလွမ်းဟာ
ဘာကိုမှ မမြင်နိုင်အောင် စူးရှတောက်ပလွန်းတော့
ဘ၀ကို ငါကိုယ်တိုင် အလွမ်းနဲ့ ရဲရင့်စွာ ချုပ်လုပ်ခဲ့ပါတယ်
နတ်သမီးလေးရေ

သူမရဲ့ ကြင်နာတဲ့ ချစ်ခြင်းမှာ
ငါ့ရဲ့ အလွမ်းတွေ နှင်းဖြစ်ပါစေ
ငါချစ်တဲ့ ဆောင်းမှာ
မနှစ်ကလို အထီးကျန်မှုတွေ မရှိရပါစေနဲ့
ငါ့အသွေးအသားထဲမှာလည်း
သူမနာမည်ကို ထာဝရ ရေရွတ်နေပါရစေတော့

ငါ့ရင်ထဲက အလွမ်းခနေတဲ့ ကြယ်တွေလေ
ကြွေကျမသွားရအောင်
မနည်း ခုခံတားဆီးနေရတော့တယ် …။ ။

ရွှေရောင်မနက်ခင်းတွေမှာ

ဒီနေ့ ပိတောက်တွေ စ ပွင့်တယ် ညီမလေး
ပိတောက်တစ်ပွင့် ပွင့်တိုင်း ပွင့်တိုင်း
ကိုယ့်ရင်တွေ အလွမ်းနဲ့ ကြွေကြွေကျ
ဧပြီလနေလိုလည်း ပူလိုက်သေးတယ်

ညီမလေးရယ်
မင်းရဲ့ မမြင်ချင်ယောင်ဆောင်မှုမှာ
ကိုယ့်နှလုံးသားက ခဏခဏ သေရတယ်
ကိုယ်ကလည်း နာကျင်မှုဆိုတာကြီးကိုမှ ဥပေက္ခာပြုထားမိတာလေ
ဒီလို ကျောင်းပိတ်ရက်တွေမှာဆို
မင်းရဲ့ ပုံရိပ်လှလှလေးတွေကို ပြန်ကြည့်ဖို့
ကိုယ့်မှာ နှလုံးသားတစ်ခွေစာ အပြည့်ရှိတယ်
ကျေးဇူးပြုပြီး မင်းရဲ့နှုတ်ခမ်းပါးလေးတွေကို မတည်ပစ်လိုက်ပါနဲ့ကွာ

ကိုယ်က အများနဲ့ မသက်ဆိုင်တဲ့ မင်းအခန်းရှေ့က လမင်းဆိုရင်
မင်းက ပြတင်းတံခါးတွေကို ပိတ်ပစ်မှာလား
ကိုယ်က အချစ်နဲ့ပတ်သက်ပြီး မင်းကို ကူးစပ်ချင်တဲ့ ရောဂါဆိုရင်
မင်းက ကာကွယ်ဆေးထိုးပြီး နေမှာလား
တကယ်ဆိုရင်
ကိုယ်က ဘာမှ မဟုတ်ဘဲ၊ မင်းကိုမှ ဖူးပွင့်ချင်တဲ့ သစ်ပင်ပါ။

ဟုတ်တယ် ညီမလေး
ကိုယ်က မင်းအတွက် အဆင်သင့်သစ်ပင်ပါ
မင်းက ဖူးပွင့်ပေးရုံလေးပဲ
အရိုးရှင်းဆုံး …။ ။

ချစ်သူ …ဒါတွေ ….မင်းသိရဲ့လား ( သိပါ့မလား ) …

ချစ်သူ …ဒါတွေ ….မင်းသိရဲ့လား ( သိပါ့မလား ) …
တစ်ယောက်နဲ့ တစ်ယောက် ခိုင်မြဲတဲ့ အချစ်တွေနဲ့
ဘ၀တစ်သက်စာ လက်တွဲဖော်လို့
ရင်မှာ ရည်မှန်း ချစ်ခဲ့တာပါ ချစ်သူ .. ။
နှစ်ကိုယ်တူ ဘ၀ အကြင်နာ ယုယမှုလေးတွေနဲ့
နွေးထွေတဲ့ ဘ၀လေး တည်ဆောက်ကြမယ်လို့
ရင်မှာ ရည်မှန်း ချစ်ခဲ့တာပါ ချစ်သူ .. ။
မင်းကို ဘယ်လောက်ကြီး ချစ်ပါတယ်လို့
မပြောတာကို စိတ်မဆိုးပါနဲ့လားကွာ ..
ကို ပြောလိုက်ရင် …
မင်း အပေါ်မှာ ထားတဲ့ အချစ်တွေ
လျော့သွားမှာ စိုးလို့ပါကွာ …
နားလည်ပေးပါ ချစ်သူရယ် .. ။
မင်းအပေါ်မှာ .. စစ်မှန်တဲ့ သစ္စာတရား
လေးနက်တဲ့ အချစ်
ရိုးသားတဲ့ နားလည်မှုတွေနဲ့
ကိုယ်အသက်ရှင်နေသမျှ
မင်းအပေါ်မှာ ချစ်နေမယ်ဆိုတာရော ….
မင်းသိပါ့မလား .. ။
( သိစေချင်ပါတယ် ချစ်သူရယ် …)

ကိုကို့ဆန္ဒ…..

လွမ်းနေတယ် ( အနေဝေးရင် )
ပိုင်ဆိုင်ချင်တယ် ( တစ်ဘ၀စာ )
အရမ်းချစ်တယ် ( တစ်သက်လုံး )
သတိရတယ် ( မတွေ့ရတဲ့အခါ )
အတူနေချင်တယ် ( ပျော်ရွင်စွာ )
နမ်းချင်တယ် ( ဖြူစင်စွာ )
ထိုင်ကြည့်ချင်တယ် (၂၄ နာရီ )
ချော့သိပ်ချင်တယ် ( ညတိုင်း )
သီချင်းဆိုပြချင်တယ် ( အိပ်ခါနီး )
မျှော်လင့်ချင်တယ် ( ရင်ခုန်စွာ )
အရမ်းပြန်ချစ်ပါ ( အလိုလားဆုံး )
အရမ်းဂရုစိုက်ပါ ( အမြဲ )
မမုန်းဘူး ( ဘယ်တော့မှ )
လက်ကလေးကိုကိုင်ချင်တယ် ( ခွင့်ပြုရင် )
အဆင်မပြေဘူး ( မင်းမရှိတဲ့အချိန် )
မခွဲနိုင်ဘူး ( ယုံပါ )
ထပ်ကာထပ်ကာပြောချင်တယ် ( အရမ်းချစ်တယ်လို့ ) ။

တကယ်ချစ်ခဲ့တာပါ ချစ်သူ ….

အပြင်မှာ မတွေ့ဘူးပေမယ့်
ရင်မှာ တကယ်ချစ်ခဲ့တာပါ ချစ်သူ…။
တွေ့တာမကြာသေးပေမယ့်
မေ့မှာ ခဏလေးလို့တော့
မထင်လိုက်ပါနဲ့ ချစ်သူ…။
နယ်မြေတွေခြားနေလို့
လာမရဖြစ်နေပေမယ့်
ထာဝရချစ်နေမှာပါ ချစ်သူ ..။
ချစ်သူကိုချစ်တဲ့ အချစ်ကလွဲပြီး
ကျန်တာ ဂရုမစိုက်တာမို့
ခွဲမသွားပါနဲ့လား ချစ်သူရယ် …။

စစ်မှန်သော သူငယ်ချင်း….

တစ်နေ့ပြီး တစ်နေ့
ဘ၀ကို သက်တမ်းတိုး
လိုအင်ပြီး လိုအင်
ခပ်ခပ်သောက်
ကိုယ့်ကိုကိုယ် ရှင်နိုင်အောင်ကြိုးစားရင်း
လမ်းမထက် လျှောက်နေကြဆဲ
နှစ်တွေလဲ အိုခဲ့ပေါ့
နံပါတ်မရှိတဲ့ မိုင်တိုင်တွေ
လမ်းမတလျှောက် ဖြတ်ကျော်
လိုအင်တွေ မလိုအင်တွေ
ကောက်ယူသွားရရင်း
ကိုယ်ပိုင်ဘ၀ထဲ ထိုးထည့်
အသစ်သော မျှော်လင့်ခြင်းတွေ
ပင်လယ်ထဲပစ်ပစ်ချလို့
ကိုယ့်ဘ၀ကို
ကိုယ်ပြန်မျှားကြည့်တာ
သုတ်တင်တိုင်း သုတ်တင်တိုင်း
ပါဘာသမျှက နောက်လိုအင်တွေ
ဖြစ်ဖြစ်နေလို့ လိမ့်ပတ်မလည်တဲ့
ဆန္ဒတွေနောက် လိုက်ပါကြရင်း
ဆုံးရှုံးမှုတွေ ကြုံခဲ့သမျှ
အားပေးဖော်သူငယ်ချင်း
မင်းတစ်ယောက်ရှိရုံနဲ့
လုံလောက်တာ …..
သူငယ်ချင်းရေ
အတိတ်က ဆုံတွေ့မှုတွေကို
ကျေးဇူးတင်
တို့ရင်းနှီးမှုကို
အသံမထွက်ပဲ ခံစားကြည့်ရအောင်
မျက်စိလေး ခဏလောက်မှိတ်ပေးပါ …. ။

အချစ်ဆိုတာဘာလဲ….

ကျွန်တော့်အတွက်တော့ အချစ်ဆိုတာ
ရယူခြင်းမဟုတ်သလို ….
ပေးဆပ်ခြင်းလဲ ..
မဟုတ်ပြန်ဘူး ..
သူ့ကို ချစ်နေဖို့ပါပဲဗျာ ….။
သူဟာ ကို့ အနားမှာ ရှိနေသည် ဖြစ်စေ ..
ကျွန်တော်နဲ့ ဝေးနေသည်ဖြစ်စေ …
သူ့ကို ချစ်နေမှာပါ ….
နောက်ပြီး ……..
လူတိုင်းက …
အချစ်ဦးကို လိုချင်ကြပါတယ် ….
ကျွန်တော့် အတွက်တော့ ..
အချစ်ဦးထက်ကို ..
နောက်ဆုံးအချစ်နဲ့ …
အချစ်ဆုံးက ..
ပိုပြီး အရေးကြီးပါတယ် …..ခင်ဗျာ .. ။

အလွမ်းကဗျာ

အလွမ်းကဗျာတွေ မရေးနှင့်လေ....တဲ့
ပြောဖူးခဲ့သူစကား အနားမှာကြားမိပါရဲ့
တကယ်တော့ အချစ် အကြမ်း အလွမ်း
ဘယ်လို ဆန်းအောင် ရေးပါစေ
ခံစားတတ်သူတွေ အတွက်တော့
ကဗျာဆိုတာ ကာလာမပါတဲ့ ရင်ထဲက အရာပါ
ကိုယ့်အတွက်ကတော့လေ
အလွမ်းတွေ ရင်ထဲထိ မချိအောင် နာတော့မှ
အလွမ်းကဗျာ ဆိုတာ ဖြစ်ရတာမို့ ရင်မနာရတဲ့အဖြစ်
အကြင်နာ အချစ်တွေနဲ့ပဲ ပျော်ချင်ခဲ့တာပါ...........
အချစ်တွေပဲ ကမ္ဘာပြည့်
လှပနေမယ် ဆိုရင်လည်း
အကောင်းသားပေါ့ကွယ်.............
ခုတော့လည်း အလွမ်းကဗျာတွေ
မရေးစေချင်သူ ကိုယတိုင်က
အလွမ်းတွေ ရင်ထဲထိ
မချိအောင် နာစေခဲ့ပြီမို့
မဆုံးတော့မယ့် အလွမ်းကဗျာတွေနှင့်
ဖြေမဆည် ရင်မနွမ်း
ကမ္ဘာဆုံးအောင်လွမ်းရုံပေါ့........
(မှတ်ချက်။ ။ ဟိုးငယ်ငယ် ကကြိုက်ခဲ့တဲ့ ကဗျာပါ ဘယ်သူရေးမှန်းတောင် မမှတ်မိတော့ဘူး)

လွမ်းတဲ့အကြောင်း

ကိုယ့်ရဲ့ အဖြူရောင် သက်တံလေးရေ
မင်းကို ချစ်မိပြီဆိုတာ သေချာသွားတဲ့နေ့ကတည်းက
ကိုယ့်ကိုကိုယ်
ခံစားချက်နဲ့ ပတ်သက်လာရင် စစ်ကြေငြာထားပြီးသား
မင်းကိုလွမ်းတဲ့ အလွမ်းမှာလည်း ရိုးသားထားပြီးသား။
မင်းမျက်ဝန်းလေးတွေထဲမှာမှ ကိုယ်က အမှန်တရားကို ဆုပ်ကိုင်မိတာလေ

ကိုယ့်နာရီသံတွေက အခုတလော မင်းကိုပဲ အိပ်မက်, မက်ကြသတဲ့
ဒီလို ရက်စက်လွန်းတဲ့ ဧပြီမှာ
သတိရစိတ်တွေ ထိန်းမနိုင် သိမ်းမရ ဖြစ်နေပြီဆိုရင်
ကိုယ်ကတော့ ရေတံခွန်လုပ်ပြီး တ၀ုန်းဝုန်း ခုန်ချလိုက်တော့တာပဲ

ကိုယ့်အချစ်က မင်းမဖတ်ရသေးတဲ့ မင်းအတွက် သီးသန့်စာအုပ်တစ်အုပ်
ဖတ်ကြည့်ပါ၊ ဝေဖန်ပါ၊
ကိုယ့်ရဲ့ဘ၀တစ်ဝက်ကို ၀တ်ဆင်ကြည့်ပါ
မင်းမြင်နေရတဲ့ အမှန်တရားတွေဆိုတာ တကယ့်အလှတရားဖြစ်ကြောင်း
ကိုယ့်အချစ်မှာ မင်းဖွေရှာပါ။
ဒီမှာ ညီမလေးရေ
အချိန်တွေ ကြာလာလည်း
ကိုယ့်ရူးသွပ်မှုတွေက ယဉ်ကျေးလာမယ်လို့ ကိုယ်မထင်ဘူး
အလွမ်းဆိုတာ ဘယ်လိုနည်းနဲ့ပဲ ကြည့်ကြည့် မလှတာတော့ အမှန်ပဲ
ဧပြီရဲ့ အုံ့နေတဲ့ မိုးသားတွေက ကဗျာဆန်ပြီး၊
ရွာနေတဲ့ အဲဒီအလွမ်းတွေက ကဗျာမဆန်ဘူး
အဲဒါနဲ့ပဲ “လွမ်းတဲ့အကြောင်း” တစ်ပုဒ်ထပ်ဖြစ်ပါလေရော။

ဒီလိုနည်းနဲ့ပဲ ကိုယ့်ကိုကိုယ် နှစ်သိမ့် ချော့မော့ခဲ့ရပါတယ်
မင်းရဲ့ ရယ်ဟန်လေးတစ်ချို့နဲ့ …။ ။

နာရီတွေ တရွေ့ရွေ့ဖြတ်သန်းသွားတိုင်း
ငါ့အထီးကျန်မှုက ပိုပြီး ပြန့်ကား နာကျင်လာတယ်
ကောင်မလေးရေ
ရိုးအီနေပြီဖြစ်တဲ့ စကားလုံးတွေနဲ့ပဲ လွမ်းကြောင်း ကဗျာဖွဲ့ရတော့မယ်

ထစ်ငေါ့ခဲ့တဲ့အတွေးတွေက ပြန့်ကျဲသွားတိုင်း မင်းဆီပဲ
ငါ့ရဲ့ ဖရိုဖရဲမှာ မင်းက လှချင်တိုင်းလှနေ
ဘာကြောင့်မှန်းတော့ မသိဘူး
မင်းရဲ့ ရယ်ဟန်လေးမှာ ငါ့ညနေတွေ နီရဲအေးချမ်းခဲ့ရပါတယ်

ကောင်မလေးရေ
ဒီလို မင်းကို မမြင်ရတဲ့နေ့တွေဆို
ငါ့ကောင်းကင်မှာ အရောင်မစုံတဲ့ သက်တန့်တွေပဲပွင့်
ဟာလာဟင်းလင်းသီချင်းမှာ ငါ့အသွေးအသားတွေ ပဲ့ကြွေ
ဘာတစ်ခုမှလည်း အဆင်မပြေချင်ဘူး

ငါ့ရဲ့ မသေမသပ်အလွမ်းက အနားစတွေ ဖွာလန်ကြဲလို့
ငါ့ကိုငါ မှန်ထဲပြန်ကြည့်မိတော့လည်း ဝေဒနာအတုံးအခဲကြီးပဲ မြင်နေရတော့တယ်
ဒီလိုပဲ ခင်းကျင်းပြသခဲ့ပါတယ် ကောင်မလေးရယ်
ငါက လွမ်းခဲ့သမျှ သေချာချင်တဲ့ ကောင်လေ …။ ။

အလွမ်းအိပ်မက်တွေရဲ့ အကိုင်းအဖျားမှာ
ရွှေရောင် အချစ်တွေ ဖူးပွင့်ကုန်ကြပြီ။

လင်းလက်တဲ့ ဒိုင်ယာရီမျက်ဝန်းလေးရေ
သတိရစိတ်တွေက
အချိန်မှန်ရထားတစ်စင်းလို
ငါ့ရင်ခွင်ကို ဖြိုခွင်း
နှလုံးသားဘူတာကိုမှ အတင်းထိုးဝင်ဆိုက်ကြတယ်

ဒီနေ့ဟာ စိတ်လေလွင့်ရဲ့
မျက်ရည်စမ်းစမ်းမိုးနေ့ပေါ့ကွယ်
အချစ်ကြီးရှာတဲ့ ငှက်တစ်ကောင်ဟာ
သူ့အတွယ်အတာလေးဆီ ပျံသန်းမလာနိုင်ခဲ့ဘူး

ဒီမှာ ကောင်မလေးရေ
ငါဟာ အချစ်တွေနဲ့ ရူးသွပ်နေတဲ့ အိပ်မက်ကြီးဖြစ်မယ်ဆိုရင်
မင်းဟာ ကိုယ့်ရူးသွပ်မှုရဲ့ ရေဆူမှတ်
(အိပ်မက်ထဲက) အချစ်သစ်ပင်လေးပဲ ဖြစ်လိမ့်မယ်

လာခဲ့မယ်
အချစ်တွေနဲ့ ဖူးပွင့်နေပြီဖြစ်တဲ့
ကိုယ့်ရဲ့ သစ်ပင်လေးအကြောင်း ပြောပြဖို့ …။

လကွယ်ည ကြယ်လေးတွေက ပြောတယ်
“လမင်းလေးကို လွမ်းကြောင်း
ဘယ်သူ့ကို ပြောပြရမှာလဲ”တဲ့ ။

သိလား … ချစ်သူ
လေပြေညှင်းရဲ့ ညင်သာမှုမျိုးနဲ့
မင်းကို သတိရတာလေ
မှတ်မှတ်ရရ (ဒီညပါဆိုရင်)
ညပေါင်း ၂၉၃ ည ရယ်လေ …

ဒီလိုပါပဲလေ
အချစ်ဆိုတာ
နူးနူးညံညံလေး ခံစားလိုက်ဖို့တောင်
တော်တော်ခက်ခဲ
လွမ်းတဲ့ညတွေက လေးထောင့်ဆန်လွန်းတယ်။

မသေမချာ လွမ်းဆွတ်ရမှုတွေကို
ရပ်တန်းက ရပ်ပေးပါတော့ ချစ်သူ
အလင်းပြန်ခြင်း နိယာမတွေ မှန်နေဦးမယ်ဆိုရင်တော့
ဒီညပဲ … မင်းငါ့ကို သတိရကြောင်း
ငါ… အိပ်မက်ထဲ ထည့်မက်လိုက်တော့မယ် ။

အထီးကျန် (၂)

ငါက အရိုင်းအစိုင်းပါ...
ဟန်ဆောင်တာ မရှိ
ပကတိအတိုင်း..
ရင်ခွင်မှာ ပန်းရိုင်းတို့ပွင့်တယ်...။

လူယဉ်ကျေးတွေလို..
မုသားချိုချိုတွေ မသုံးတတ်..
ကိုယ်ယုံကြည်တဲ့ဘက်ပဲ ရပ်တာမို့..
အများနဲ့ တစ်ယောက်..
ထောင်ချောက်တွေထဲလဲ ရောက်ဖူးပြီ...။
ဘယ်လိုပဲ..လမ်းပျောက်ပျောက်...
ရှေ့ကိုသာ ဆက်လျှောက်လို့...
အခက်အခဲဟူသမျှ..ရင်ဆိုင်..
ခရီးအဆုံးမှာ..ငါ့အတွက်..
ရွှေရောင်တောက်ပတဲ့ ပန်းတိုင်ရှိတယ်...။

လောကကြီးထဲမှာ..
အနိုင်ဟာ...မမြဲသလို..
အမြဲတမ်းလဲ မရှုံး...
အဲ့ဒီလိုပဲ..ငါကျင့်သုံးတယ်...။

မြက်မစားတာချင်း အတူတူ...
ကောက်ကျစ်တတ်တဲ့ မြေခွေးလိုမပြုမူပဲ
တည်ကြည် ရဲရင့်..
ကိုယ်ပိုင်ဂုဏ်နဲ့ ပဏ္ဍာတင့်တဲ့..
ကေသရာဇာရဲ့ စိတ်ထားနဲ့..
အားလုံးကို အနိုင်ယူမယ်....။

လူညီရင်..
ဤဟာ..ကျွဲတဲ့..
အမှားတွေ ထပ်ပြန်တလဲလဲလုပ်..
ဒီလိုနဲ့ပဲ...
အမှန်တရားဟာ.. မိုးချုပ်ခဲ့ပြီ....။

ရှင်းပြစရာ မလိုပါဘူး....
မင်းဘ၀နဲ့မင်း..
ဘယ်လိုပဲ ရင်းခဲ့ရ ရင်းခဲ့ရ...
မင်းကိစ္စပဲလေ...
အရေးကြီးတာက...
မင်းရဲ့ အောင်မြင်ခြင်း...
အပြစ်ကင်းဖို့ပဲ လိုတာပါ........။

အောင်မြင်ခြင်းဆိုတာ...
ဖြတ်လမ်းနဲ့ မရ...
လွယ်လွန်းရင်...
ခနလေးနဲ့...ပြန်လက်လွှတ်ရတတ်တယ်.....။

ဘယ်သူတွေ ဘယ်လိုပဲလုပ်လုပ်...
အမှန်တရားကို လက်ထဲဆုပ်လို့..
သိက္ခာတရားကို မြေပေါ်..ချမနင်း...
ငါ့ကောင်းကင်က အမြဲတမ်း လင်းတယ်.....။

တစ်ခုပေးမှ.. တစ်ခုပြန်ရတဲ့လောကကြီးမှာ...
သူတို့လိုချင်တာ မပေးနိုင်တဲ့ငါ့အတွက်..
လူတွေက...တံဆိပ်ကပ်ကြတယ်.....
အရိုင်းအစိုင်းတဲ့....

ဟုတ်တယ်..
ငါက အရိုင်းအစိုင်းပါ...
ဟန်ဆောင်တာ မရှိ
ပကတိအတိုင်း..
ရင်ခွင်မှာ ပန်းရိုင်းတို့ပွင့်တယ်...။

“မ”

အပြင်က ပြန်ရောက်လို့
မီးခလုတ်ကို ချောက်ခနဲတောင် မဖွင့်ခင်
ဟောဒီ့လက်တွေက
ကွန်ပြူတာ ပါဝါကို အရင်ဖွင့်မိနေတတ်ပြီ…

စကရင်(န်)ကို ရီဖရက်ရှ်လုပ်
အားလုံးဟုတ်လောက်ပြီ ဆိုရင်
အလျင်အမြန် နှိပ်မိတာကတော့
အလွမ်းတွေဝေနေတဲ့ ဒီ ဂျီတော့ခ်ပေါ့..
လွမ်းတယ်. မ
သတိရတယ်.
အဆင်ပြေပါစေနော်. မ
ဒီညမျှော်နေမယ်.
မောနင်း မ..
စာတွေဆက်ရေးပါနော်.
ကောင်းသောညလေးဖြစ်ပါစေ.
လွမ်းနေပေးပါနော်.
သတိရနေမယ်..


..
.

ချစ်ခြင်းသီဖွဲ့စကားလုံးပေါင်းများစွာ
ဒီ ချက်ဟစ်စ်ထရီမှာ ကိန်းအောင်းနေကြတယ်.
မရိုးနိုင်အောင်ပါပဲလေ…

နေ့ပေါင်းများစွာရဲ့ မနက်ခင်းတွေမှာ
အလွမ်းတေးတွေသီခဲ့ဖူးတယ်.
“မ” တစ်ယောက် ကြားမကြား မသိနိုင်ခဲ့လည်း
ကျွန်တော့်ရဲ့ နှလုံးသားထဲမှာတော့
ဒီအချိန်ရောက်တိုင်း
မှုန်မှိုင်းနေတဲ့ အလွမ်းတိမ်တွေ
ညို့တက်လာမြဲပါ..

ညပေါင်းများစွာရဲ့ သန်းခေါင်ယံတွေမှာ
“မ”ကိုလွမ်းတဲ့ အကြောင်းတွေကို
နာရီသံတွေက သယ်ဆောင်နေခဲ့ဖူးတယ်.
“မ” တစ်ယောက် မခံစားနိုင်ခဲ့လည်း
ကျွန်တော့်ရဲ့ ဘိုင်အိုကလော့ခ်ကြီးကတော့
မျှော်လင့်စောင့်စားနေတဲ့ ဒီမျက်ကွင်းတွေအောက်မှာ
အညိုရောင် အလွမ်းသင်္ကေတတွေ ရေးထိုးနေမြဲပါ..

အချစ်ရည်တွေ ရွှန်းလဲ့နေတဲ့
ဒီမျက်ဝန်းအိမ်မှာလည်း
နေ့နေ့ညည
အလွမ်းမိုးတွေ သွန်းဖြိုးဝေကျနေမြဲပါ…

ဂရုစိုက်ပါ မ ရယ်..
ကျွန်တော်က အဝေးကြီးမှာ နေနေရတာ.
ချစ်တဲ့ “မ” အနား
ကျွန်တော် နေချင်သားပေါ့
ဘ၀ဆိုတာရဲ့ အဓိပ္ပါယ်ကို ဖွင့်ဆိုနိုင်ဖို့ ကြိုးစားရင်း
ကိုယ်စီကိုယ်ငှ တာဝန်တွေ ထမ်းဆောင်နေရချိန်မှာ
“မ” ရဲ့ လက်ဖမိုးလေးကို
မြတ်မြတ်နိုးနိုး ဆုပ်ကိုင်လို့
ဘ၀ခရီးကို ဆက်ချင်တယ်.
ဘာလို့ မဖြစ်နိုင်ရမှာလဲ “မ” ရယ်..

ဗျာ!

ဘယ်လို!!

ဟင်!!!

အပြင်ကို ထုတ်ဖော်မပြဖြစ်ခဲ့တဲ့
အာမေဋိတ်သံတွေအောက်မှာ
ကျွန်တော် ဘာပြန်ပြောရဦးမှာလဲဟင်..
တိုက်ပွဲကို နိုင်အောင် တိုက်နိုင်ပါလျက်နဲ့
ချစ်သူနဲ့ လက်ဆက်ခွင့် မကြုံကြိုက်နိုင်တာ.
ကျိန်စာကို ပယ်ဖျက်နိုင်ဖို့ ကြိုးစားရင်း
ကျိန်စာသင့်ခဲ့ရတဲ့ သူရဲကောင်းတစ်ယောက်လိုပါပဲလေ…

“သေရင်မြေကြီး ရှင်ရင်ရွှေထီးဆိုကာ
စွန့်စားခဲ့တာလည်း
ရခါမှပဲ မိဖုရားက မရှိတယ်”

ဆရာ စိုင်းခမ်းလိတ်ရဲ့ စာသားတွေက
ကျွန်တော့်ရဲ့ မာနတွေကို ပြက်ရယ်ပြုနေကြတယ်.
ကျွန်တော်မရှက်ပါဘူး
ဝမ်းပဲနည်းတယ်.

ဘာပဲဖြစ်ဖြစ်ပါ “မ” ရယ်.
ချစ်တယ်ဆိုတာ ပိုင်ဆိုင်လိုခြင်းတစ်မျိုးဖြစ်ပေမယ့်
မရယူနိုင်တော့တဲ့ အချိန်မှာ
ရယူပိုင်ခွင့် မရှိတော့တဲ့အချိန်မှာ
စပျစ်သီးချဉ်တယ်လို့ ဟော့ဟော့ရမ်းရမ်းပြောတဲ့ မြေခွေးလို
ကျွန်တော့်အချစ်တွေ မသော့သွမ်းနိုင်ခဲ့ပါဘူး.
“မ” ကို ကျွန်တော် ချစ်နေမြဲပါ.
ခုလည်းချစ်တယ်.
အရင်ကလည်းချစ်တယ်.
နောင်လည်း ဒီ့ထက်ပိုချစ်သွားဦးမယ်.
ကျွန်တော့်ထက် မပိုနိုင်ရင်တောင်
ကျွန်တော့်အောက် မလျော့တဲ့
ချစ်ခြင်းမေတ္တာတွေကို “မ” တစ်ယောက်
ရရှိခံစားနိုင်ပါစေနော်…

စည်းတစ်ဖက်ဆီမှာ ကိုယ်စီရပ်ရင်း
ဟန်ဆောင်တင်းထားတဲ့ သိက္ခာတွေကို ငဲ့ကွက်လို့
ကျွန်တော် ဘာမှ ၀င်မစွက်ချင်တော့ဘူး “မ” ရယ်.
တစ်ခုပဲ ပြောခဲ့ချင်ပါတယ်.
ချစ်တာထက်ပိုတဲ့ အချစ်တွေနဲ့
“မ” ကို ကျွန်တော်သိပ်ချစ်တယ်….

တဆိတ်လောက် “မ” ရယ်.
ကျွန်တော့်ရင်ထဲမှာ အလွမ်းတွေပြည့်လာလို့
“မ”ရဲ့ ဂျီတော့ခ် ယူဇာနိမ်းမ်လေးဘေးမှာ
အလွမ်းကဗျာလေးတွေ ရေးလိုက်ဦးမယ်နော်…
အဆင်ပြေတဲ့တစ်နေ့ “မ” ဖတ်ဖို့ပါ.
သွားတော့မယ် “မ” ရယ်..

တုနှိုင်းမဲ့ရာ အဖေ့မေတ္တာ

အဖေ
လှမ်းလို့ဖြတ်သန်း၊ဘ၀လမ်းမှာ
အားခဲမာန်ခဲ၊ဇွဲနဘဲနဲ့
အခက်အခဲ၊မြစ်ပြင်ထဲမှာ
တက်ကျိုးခဲ့သော်၊လက်ထိုးလှော်သည်
အနှိုင်းမဲ့သော၊ကျွန်တော့်အဖေ။ ။
အဖေ
မပြည့်ဆန္ဒ၊မရှိစေရ
ပူဆာသမျှ၊လိုတာရအောင်
နေပူမကြောက်၊မိုးတစ်ဖျောက်လည်း
မသိသယောင်၊သူထမ်းဆောင်သည်
တာဝန်ကျေသော၊ကျွန်တော့်အဖေ။ ။

အဖေ
ကံကြမ္မာက၊ဖန်လာရက်သည်
အသက်တစ်ဝက်၊ကျော်မဖြတ်ခင်
ဘ၀လမ်းမှာ၊ပန်းခဲ့သမျှ
ဇရာထမ်းကာ၊ပိခဲ့ရသည်
လေဖြတ်သွားသော၊ကျွန်တော့်အဖေ။ ။

အဖေ
သားသမီးတို့၊မျက်ရည်စီးတော့
ဝေဒနာကို၊ရင်မှာချုပ်တီး
ဟန်လုပ်အပြုံး၊သူဖုံးအုပ်သည်
ရဲရဲရင့်ရင့်၊အားမာန်ဝင့်ကာ
မကြောက်မရွံ့၊နောက်မတွန့်ခဲ့သောအဖေ။ ။

အဖေ
မကျန်းမာလည်း၊ထမ်းကာစွမ်းသည်
အိမ်ထောင့်တာဝန်၊သူကျေပွန်သည်
တုနှိုင်းမဲ့ရာ၊ဖေ့မေတ္တာနဲ့
အတားအဆီး၊ဘ၀ခရီးမှာ
အားတင်းကာကျော်ဖြတ်ခဲ့တဲ့အဖေ။ ။

ဪ….အဖေ
အဖေချစ်တဲ့သား
အဖေ့နားမှာမနေနိုင်ပေမယ့်
တုနှိုင်းမဲ့မေတ္တာ
အစဉ်သာတမ်းတ
ရင်မှာသတိတရနဲ့
မှန်းဆစိတ်ရည်
လက်အုပ်ချီလို့
ရှစ်ခိုးဦးချ
တမ်းတလျှက်ပါအဖေ
ကျန်းမာစေကြောင်း
သားဆုတောင်းလို့
အချိန်တန်လို့
အိမ်ပြန်ရတဲ့အခါ
အပြုံးပန်းနဲ့
လှမ်းကြိုမယ့်အဖေ့ကို
မှန်းဆမြင်ယောင်ရင်း
တစ်နယ်ကျေးကသား
အဖေပေးတဲ့အားနဲ့
အတားဆီးမှန်သမျှ
အားတင်းဖြတ်ကျော်မယ်…အဖေ