..:: မင်္ဂလာပါ လာရောက်လည်ပတ်ဖတ်သွားခဲ့သော မိဆွေများအထူးကျေးဇူးတင်ပါသည် ::.. ..:: အသစ်တွေထပ်မတင်ရသေးတဲ့အတွက် ၀မ်းနည်းမိပါတယ် နောက်ဆိုအချိန်ယူပြီး အသစ်တွေကိုတင်ဖြစ်အောင် တင်ပေးမယ်ဗျာ ::..

K.K.K ခေတ်ခမ်းကောင်

๑๗/๗/๕๒

နင်ယုံရဲ့လား

နင် ယုံရဲ့လား
ပေါ့ပျက်ပျက် ရမ်သွမ်းသွေး
လောကကြီးကို အရေးမထားတဲ့
ငါ့ ရင်ထဲမှာ
မင်းအတွက် လေးနက်ခြင်းတွေရှိတယ်။

နင် သိရဲ့လား
မထီမဲ့မြင်နဲ့
လောကကြီးအတွက် ကဗျာမဆန်တဲ့
ငါ့ ရင်ထဲမှာ
နင့် အတွက် ဂီတသံစဉ်တွေ ရှိနေတယ်။

နင် ထင်ရဲ့လား
ပြုံးစပ်စပ် မျက်နှာပေးနဲ့
ငါ့ ရဲ့ရင်ထဲမှာ
နင့် အတွက် လွမ်းဆွတ်ခြင်းတွေရှိတယ်။

နင် မြင်ရဲ့လား
မချစ်တတ်ဘူး နင်ထင်ထားတဲ့
ငါ့ ရဲ့ရင်ထဲမှာ
နင့်အတွက် ချစ်ခြင်းအပြည့်ရှိတယ်။

နင် သိထားပါ
လွတ်လပ်ပွင့်လင်း ဟန်ဆောင်ကင်းတဲ့
ငါ့ ရဲ့ရင်ထဲမှာ
မာနတရားတွေ ရှိနေတယ်ဆိုတာ...။

ခေါ်သံ

ငါဟာ ခေါ်သံကို
စိတ်မရှည်စွာ စောင့်ဆိုင်းနေခဲ့တယ်။

နှစ်၊လ၊ရာသီ
ကြာရှည်မြင့်စွာ
ပြင်ဆင်လာပြီးတဲ့နောက်မှာ
သည်တခဏလေးကို
ငါ.....ဘာကြောင့်များ စိတ်မရှည်နိုင်ရသလဲ။

ကိုယ့်ရှေ့မှာ...
ကိုယ့်နောက်မှာ ...
ကိုယ့်ဘေးပတ်လည်မှာ...
စိတ်မရှည်တဲ့မျက်နှာနဲ့
လူတွေဟာ လူတွေဟာ...
ခေါ်သံကိုသာ နားစွင့်နေကြတယ်။

တယောက်ပြီးတယောက်
အလှည့်ရောက်ရင်မနွဲ့ စတမ်း...
တလှမ်းချင်းလျှောက်
သူ့ ရှေ့ မှောက်ကို
ရွံ့ ကြောက်မှုတွေ ကိုယ်စီနဲ့လေ။

ဟော...
ငါ့နာမည်ကို ခေါ်သံပါလား...
ရင်ခုန်သံတွေ
ဆူညံလာတယ်။
ခြေဖျားလက်ဖျားတွေ
အေးစက်လို့ လာတယ်။
နားသယ်ဆံစမှာ
ချွေးတစ တွဲခိုလာတယ်။

ရှောင်လွှဲလို့မရတဲ့
သည်ခဏအချိန်ကလေးအတွင်း
ဘယ်လိုပင် အားတင်းပေမယ့်
နှမြောတသခြင်း မြားတံတွေက
ငါ့နှလုံးသားမှာ
နေရာမလပ် စူးဝင် နှိပ်စက်လို့နေလေရဲ့။

အဆုံးမတော့
ငါဟာ... တုန့်ဆိုင်းလေးလံနေတဲ့ ခြေလှမ်းတွေနဲ့ပဲ
သူ့ ရှေ့ မှောက်အရောက်
ကြိုးစားပြီး လျှောက်လှမ်းခဲ့ပါတယ်။

ကမ္ဘာလောကကြီးက
အသံဗလံတွေအားလုံးဟာ
အဲဒီတခဏမှာ
ငြိမ်ကျသွားတယ်လို့လည်း ငါထင်လိုက်မိပါရဲ့။

ခေါ်သံရှင်ဟာ
ငါ့မျက်နှာကို
တချက်သာကြည့်ပြီး
မေးခွန်းထုတ်လိုက်တယ်။

“အခွန်ဆောင်မှာလား။ သက်တမ်းတိုးမှာလား” ......တဲ့။

သူငယ်ချင်းတစ်ယောက်ကပို့လာပေးတဲ့ဒီဗျာလေးကို နှစ်သက်မိလို့လက်ဆင့်ကမ်းပြန်တင်ပေးတာပါ..